ငါ့နေရာ
*******
"အလှူ့ဒကာကြီးက သပိတ်လွယ်ကာ
အလှူ့အမကြီးက ပရိက္ခရာ…
သင်္ကန်းရွက်လို့ ပြုံးဝေဆာ မောင်ရင်လောင်းက မြင်းပေါ်မှာ…
ဒိုးပတ်ဝိုင်းက မြိုင်တယ်ဗျာ ဦးရွှေရိုးနဲ့ ကနေတာ…ကွမ်းတောင်ကိုင်တို့ လှနေတာ ရှင်လောင်းလှည့်လို့ လာပြီခဗျ……"
တေးသံရှင် မနောရဲ့ အလှူတော် တေးသီချင်းက အသံချဲ့စက်ကနေ မြူးကြွစွာ ပျံ့လွင်လို့နေလေသည်။
ဒီကနေ့က ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးကြီးနှင့် ဇနီး ဦးစီးသော ဆဋ္ဌမအကြိမ်မြောက် စုပေါင်းရဟန်းခံ အလှူနေ့လေးဖြစ်သည်။
ရဟန်းလောင်း ၁၀၀ကျော် အပြင် ရှင်သာမဏေလောင်းနှင့် သီလရှင်လောင်းအများအပြားအား သာသနာ့ဘောင်သို့ သွတ်သွင်းပေးမည့်နေ့လည်းဖြစ်ပေသည်။
ဤတပ်တွင်းစုပေါင်းရဟန်းခံရှင်ပြုတွင် စာရေးသူလည်း ဖခင်ဖြစ်သူနှင့်အတူ ရဟန်းဝတ်ဖြစ်ခဲ့သည်။လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေဟူသော ကိစ္စများမြောင်ဤလူ့ဘောင်မှ တစ်ပါတ်တာကာလ စွန့်ခွာ၍ လောကုတ္တရာအကျိုးသယ်ပိုးကြမည် ဖြစ်သည်။
မနက်ပိုင်းရှင်လောင်းလှည့် နေ့လည်ဆံချပြီးတော့ သက်ဆိုင်ရာ တပ်ခွဲအသီးသီးအလိုက် ဘုန်းကြီးကျောင်းတစ်ကျောင်းစီတွင် သီတင်းသုံးရန် နေရာချထားပေးလေသည်။
ကျောင်းတကျောင်းစီတွင် ဒုလဘ္ဘရဟန်းများ အပါး၄၀ ဝန်းကျင်ခန့်ဖြစ်သဖြင့် ည၇နာရီခွဲလောက်မှ သိမ်တက်၍ ပြီးလေသည်။သိမ်တက်၍ ရဟန်းအဖြစ်သို့ခံယူပြီးနောက်တွင်တော့
အသီးသီး သီတင်းသုံးကြရန် အဆောင်များခွဲဝေကြလေသည်။
စာရေးသူတို့ သားအဖနှင့် ဖခင်ဖြစ်သူ၏ သူငယ်ချင်းရဟန်းတစ်ပါးတို့က သီတင်းသုံးရန် အဆောင်လိုက်ရှာနေကြတုန်းဖြစ်သည်။အခြားရဟန်းများမှာကတော့ နှစ်ယောက်တွဲ သုံးယောက်တွဲ လေးယောက်တွဲ စသဖြင့် အသီးသီး သီတင်းသုံးကြလေသည်။ကိုရင်လေးများကတော့ သိမ်ထဲမှာပဲ သီတင်းသုံးကြသည်။
အိပ်ရာလိပ်များကိုင်ကာ ဟိုယောင်ယောင်ဒီယောင်ယောင်ဖြစ်နေသော စာရေးသူတို့ ရဟန်းသုံးပါးအား ထိုကျောင်းမှ ဥူးဇင်းကြီး တစ်ပါးက …
"ဥူးဇင်းတို့ …ဘုရားလေးဆူမှာပဲ သီတင်းသုံးလိုက်ကြပါလား ကုတင်တလုံးလဲရှိတယ်။အသက်ကြီးတဲ့ ဥူးဇင်းတစ်ပါးတော့ ကုတင်နဲ့ကျိန်းလို့ရတာပေါ့…" ဟူ၍ ဘုရားလေးဆူ အဆောင်သို့ ခေါ်သွားလေသည်။
အထဲရောက်သောအခါ စာရေးသူ၏ ဖခင်က…
"ရပါတယ်ဘုရား…တပည့်တော်တို့ ဖျာခင်းပြီးပဲနေလိုက်ပါ့မယ်" ဟု ပြန်လည်လျှောက်တင်သော်လည်း ထိုဥူးဇင်းကြီးက အခြားဥူးဇင်းတစ်ပါးနှင့် ထိုကုတင်အား မ,လာနှင့်ပြီဖြစ်သည်။
"အားမနာနဲ့ ဥူးဇင်းတို့…သက်တောင့်သက်သာလေးဖြစ်အောင်လို့ စီစဉ်ပေးတာ လက်ခံပါ…"
"တင်ပါ့ဘုရား…"
ဥူးဇင်းကြီး၏ စေတနာကိုစော်ကားရာကျမည်စိုးသဖြင့်သာ လက်ခံလိုက်ကြရတော့သည်။
"ဝုန်းးး………"
ရုတ်တရက် ဝုန်းခနဲ မြည်သံကျယ်ကြီးက ထွက်ပေါ်လာသဖြင့် အသံလာရာကို လှမ်းကြည့်ကြတော့ စောစောက ကုတင်ကြီးလဲကျသွားခြင်းမှ ထွက်ပေါ်လာသော အသံ ဖြစ်သည်။
ကုတင်မှာ ခြေထောက်အရှင်ဖြစ်သည်။ကုတင်ခြေထောက်များအား ခေါက်သိမ်း၍ ရသော သစ်သားကုတင်ဖြစ်သည်။ဤလက်ရာမျိုး ဤခေတ်တွင် မတွေ့ရတော့ ။အင်မတန် ရှေးကျလွန်းသော ကုတင်ဖြစ်သည်။
ယခုလည်း ထိုခြေထောက်အရှင်များအား ယက်မတစ်ချောင်းနှင့် ကန့်လန့်ခံမထားသဖြင့် လဲကျသွားခြင်းဖြစ်သည်။
"ဥူးဇင်း ကုတင်ခြေထောက်တွေက ယက်မနဲ့ ကန့်လန့်ခံရသေးတယ်ထင်တယ်…"
လဲကျသွားသော ကုတင်အား ဝိုင်းဝန်းထူမရင်း စာရေးသူ၏ အမေးကို ထိုဥူးဇင်းကြီးက ခေါင်းခါပြရင်း…
"ယက်မမပါဘူး ဥူးဇင်းလေး…ဒီလိုပဲ ထောက်ရတာ။အခုက သေချာမထောက်မိလို့ လဲသွားတာဖြစ်မယ်" ဟု ပြန်ဖြေလေသည်။
ဟူတ်ပေသည်။ စောစောက အထာမကျလို့ လဲကျသွားတာဖြစ်လိမ့်မည်။ယခုတော့ ကုတင်က လုံးဝခိုင်ခံ့စွာဖြင့် ရှိနေလေသည်။
တနေ့ခင်းလုံး ပင်ပန်းနွမ်းနယ်လာသဖြင့် ထိုနေ့အဖို့ တရားရှုမှတ်ချိန်ကို ကျောင်းထိုင်ဆရာတော်က ဖြုတ်ပေး၍ လွတ်လပ်စွာ အနားယူစေသည်။နေရာထိုင်ခင်း အဆင်ပြေသွားပြီဖြစ်သဖြင့် ရေချိုးကြရန်အတွက် ထွက်ခွာလာခဲ့ကြသည်။
ဒုလဘ္ဘရဟန်းများဖြစ်ကြသဖြင့် ရေလဲသင်းပိုင် လဲသည့်အခါတွင် ဒုက္ခတော့အနည်းငယ်ရောက်ကြရသည်။ရေလဲသင်းပိုင်မှာ ပုဆိုးကဲ့သို့ ချုပ်ထားသော ကွင်းမဟုတ်သည့်အပြင် အနည်းငယ် ရှည်လျားသောကြောင့် ဖြစ်သည်။
ဖခင်ဖြစ်သူနှင့် သူ၏သူငယ်ချင်း ရဟန်းတို့ ရေချိုးပြီးကြသေးသော်လည်း ရေချိုးကြာတတ်သော စာရေးသူကတော့ မပြီးသေးချေ။ထို့ကြောင့် သူတို့ထွက်သွားပြီး အတန်ကြာမှ စာရေးသူရေချိုး၍ ပြီးလေသည်။
ဘုရားလေးဆူ အဆောင်ပြန်ရောက်တော့ စာရေးသူ၏ ဖခင်နှင့် ထိုရဟန်းတို့က အိပ်ရာလိပ်များ ပြန်သိမ်းနေကြသည်ကို တွေ့လိုက်ရသဖြင့်…
"ဘာဖြစ်လို့လဲ ဥူးဇင်း…" ဟု မေးလိုက်သည်။
"ပဉ္စဝဂ္ဂီငါးဦး အဆောင်ကို ပြောင်းမလို့ ဥူးဇင်းလေးရေ…"
"ဒီမှာ အဆင်မပြေလို့လား? "
"ဟိုမှာက ပိုကျယ်တယ်…ဒီမှာ အခြားရဟန်းတွေလည်း ထပ်ရောက်လာကြတော့ ဥူးဇင်းတို့ကို ဟိုဘက်ရွှေ့ခိုင်းလို့…"
"သြော်…ဒါဆို တပည့်တော် သင်္ကန်းလဲပြီး နောက်က လိုက်လာခဲ့ပါ့မယ် ဘုရား…။အရှင်ဘုရားတို့ ရှေ့ကသွားနှင့်ပါဘုရား…"
စာရေးသူက ယခုမှ သင်္ကန်းလဲရမည်ဖြစ်သဖြင့် ဥူးဇင်းနှစ်ပါးအား အရင်သွားခိုင်းလိုက်သည်။သင်္ကန်းလဲပြီးနောက် အိပ်ရာခင်းများအားပြန်သိမ်းပြီး ဘုရားလေးဆူက ထွက်ခါနီး ထိုကုတင်အား အမှတ်တမဲ့ကြည့်မိလိုက်သည်။
"ဟင်…"
ကုတင်မှာ ဘုရားလေးဆူကြားထဲတွင်မရှိတော့။ဟိုဟိုဒီဒီ လှည့်ပတ်ရှာကြည့်တော့မှ မျက်နှာချင်းဆိုင်တွင်ရှိသော အုတ်ခင်းထားသည့် ကြမ်းပေါ်တွင် တွေ့လိုက်ရသည်။ထိုကုတင်ပေါ်တွင် ဒုလဘ္ဘဥူးဇင်းကြီးတပါး ထိုင်နေကာ ဆေးပေါ့လိပ်ဖွာနေလေသည်။အခြားသော ရဟန်းများမှာလည်း ယခုမှ နေရာချသူချ ရေချိုးရန်ပြင်ဆင်သူက ပြင်ဆင်လျက်ဖြင့် အသီးသီး အလုပ်ရှုပ်နေကြတော့သည်။
ထို့နောက် ဘုရားလေးဆူထဲမှ ထွက်လာပြီး ပဉ္စဝဂ္ဂီငါးဦး အဆောင်သို့ ပြောင်းရွှေ့လာခဲ့လိုက်တော့သည်။ညပိုင်းဘုရားဝတ်ပြုကြပြီးနောက် လုပ်စရာလဲ ဘာမှမရှိတော့သဖြင့် ကျိန်းစက်ရန်သာ ပြင်ကြလေတော့သည်။
* * * * * * * * *
ည ၁၁နာရီ ဝန်းကျင် ဖြစ်သည်။
ဖခင်ဖြစ်သူနှင့် အခြားရဟန်းတစ်ပါးတို့မှာ နှစ်ခြိုက်စွာ ကျိန်းနေကြပြီဖြစ်သော်လည်း စာရေးသူမှာ အိပ်ရာအပြောင်းအရွှေ့ဖြစ်သည့်အပြင် အရင်ကလည်း ဒီအချိန်မအိပ်သေးပဲ စာထိုင်ရေးတတ်သောကြောင့် အိပ်မပျော်လျက်ရှိနေလေသည်။
ပတ်ဝန်းကျင်တခုလုံး မှောင်အတိဖုံးလျက် တချက်တချက်ထွက်ပေါ်လာသော ပုရစ်တို့၏ အော်သံမှတပါး တိတ်ဆိတ်ငြိမ်သက်လျက်…။
အိပ်မပျော်သေးသည့်အတူတူ ဝင်လေ ထွက်လေကို လဲလျောင်းလျက်အနေအထားဖြင့် ရှုမှတ်ရင်း ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ငြိမ်သက်နေလိုက်သည်။
"ဘာလဲကွ…ငါ့ကို ဝါနုလို့ ဆိုပြီး စမ်းချင်တာလား? "
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ထိုးဖောက်ထွက်လာသော အသံတစ်သံကြောင့် တရားရှုမှတ်နေခြင်းကို ခေတ္တရပ်နားလိုက်သည်။
"ဘာဖြစ်တာပါလိမ့် …" ဟုလည်းစိတ်ထဲမှ တွေးနေမိသည်။အတော်လေးကြာတော့ နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာပြန်သည်။
"ဘာလဲ ကျွတ်ချင်လို့လား? ကျွတ်ချင်ရင်ပြော အမျှဝေပေးမယ်……"
ဘုရားလေးဆူထဲမှ ထွက်ပေါ်လာသော အသံသဲ့သဲ့ဖြစ်သည်။ဘုရားလေးဆူနှင့် ပဉ္စဝဂ္ဂီငါးဦး အဆောင်မှာ ခေါင်းရင်းနှင့် ခြေရင်း ဖြစ်သဖြင့် သိပ်အလှမ်းမဝေးလှပေ။ထို့ကြောင့် ခပ်ကျယ်ကျယ်ပြောသော အသံများကိုတော့ သဲ့သဲ့လေးကြားနိုင်လေသည်။
ဥူးဇင်းတပါးပါးများ အိပ်မက်ယောင်တာလားဟု တွေးလိုက်မိသည်။ထို့နောက် အသံများကို နာရီဝက်လောက် ဆက်လက်နားစွင့်နေမိသော်လည်း ဘာသံမှ ထွက်ပေါ်မလာတော့။လူလည်း တဖြေးဖြေး ငိုက်မျဉ်းလာပြီဖြစ်သဖြင့် စိတ်ထဲဘာမှဆက်တွေးမနေတော့ပဲ ကျိန်းလိုက်တော့သည်။
* * * * * * * * *
"တီတီတီတီ……တီတီတီတီ……"
ဖုန်းနှိုးစက်မှာ မနက် ၄နာရီအတိတွင် အချက်ပေးလာသဖြင့် ကျိန်းနေရာမှ နိုးလာလေသည်။စာရေးသူ အိပ်ရာထပြီး မရှေးမနှောင်းမှာပင် ဖခင်ဖြစ်သူရော အခြားရဟန်းတပါးရော ထလာကြသည်။
ဤသို့ဖြင့် မျက်နှာသစ်သွားတိုက်ရေချိုးပြီးနောက် ရဟန်းများနှင့် သာမဏေများအားလုံး အာရုဏ်ဆွမ်းဘုဉ်းပေးသုံးဆောင်ကြလေသည်။
ပုံမှန်အားဖြင့် ဤကျောင်းတိုက်တွင် မနက်၇နာရီမှ ၈နာရီသည် တရားရှုမှတ်ချိန်ဖြစ်ပြီး မနက်၉နာရီသည် ဆွမ်းခံကြွချိန်ဖြစ်သော်လည်း ယနေ့မနက် ၈နာရီတွင် သိမ်ဆင်းလောင်းအလှူပြုလုပ်ရန် ကျန်ရှိသေးသဖြင့် တရားရှုမှတ်ချိန်အား ထပ်မံ၍ ဖြုတ်ပေးလေသည်။
သိမ်ဆင်းလောင်းသည့် အစီအစဉ်ကိုတော့ သီတင်းသုံးရာ ကျောင်းတိုက်များတွင် မပြုလုပ်ပဲ ဆံချသည့် ဓမ္မာရုံမှာပင် ရဟန်းများအားလုံး စုပေါင်း၍ သိမ်ဆင်းကြရလေသည်။
သိမ်ဆင်းလောင်းလှူကြပြီးနောက် ရေစက်ချတရားတော်နာကြသည်။ ညနေခင်း ၃ရီလောက်တွင်တော့ အလှူပြီးဆုံး၍ မိမိသီတင်းသုံးရာ ကျောင်းတိုက်များသို့ ပြန်ကြွကြရလေသည်။ထိုအခါကျမှ ညကကြားရသော အသံနှင့် ပတ်သက်၍ ဖခင်ဖြစ်သူအား မေးမြန်းမိတော့သည်။
"ဥူးဇင်း ညက ဘုရားလေးဆူထဲက အသံကြားမိသေးလား? "
"ဟင့်အင်း …မကြားမိဘူး…ဘာဖြစ်လို့လဲ? "
"အော်သံတသံကြားလို့…"
"ဥူးဇင်းတို့တော့ ကျိန်းနေလို့ထင်တယ် မကြားမိဘူး…။ဘုရားလေးဆူထဲမှာ သီတင်းသုံးတဲ့ ဥူးဇင်းတွေကို သွားမေးကြည့်ရင်တော့သိမယ် ထင်တယ်…"
"တင်ပါ့…"
ဤသို့ဖြင့် ဘုရားလေးဆူအဆောင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။အထဲသို့ဝင်ဝင်ချင်း ဥူးဇင်းတပါး တွေ့သဖြင့် မေးမိလိုက်သည်။
"ဥူးဇင်း ညက ဒီထဲမှာ ဘာဖြစ်တာလဲ? "
စာရေးသူ၏ အမေးကိုကြားတော့ ထိုဥူးဇင်းက နောက်ကျောမလုံသည့် အမူအရာဖြင့် နောက်သို့ နှစ်ခေါက်သုံးခေါက် လှည့်ကြည့်လေသည်။ပြီးမှ…
"ညက ဥူးဇင်းကိုသရဲခြောက်လို့……"
"ဟင်…ဘုန်းကြီးကျောင်းမှာသရဲခြောက်တယ် ဟုတ်လား? "
သာသနာ့နယ်မြေဖြစ်သဖြင့် ပရလောကသားများ မရှိနိုင်ဟု တွေးမိသောကြောင့် တအံ့တသြဖြစ်သွားရသည်။
"ခြောက်တာပေါ့…ကုတင်ပေါ်ကနေပါ တွန်းချခံရတာ…။ကုတင်လည်းလဲ လူလဲပြုတ်ကျပဲ…"
သရဲအခြောက်ခံရသည့် ဥူးဇင်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောပြနေသော်လည်း စာရေးသူက ယုံရခက်မယုံရခက်ဖြစ်နေလေသည်။
"အဲ့ဒီကုတင်က ခြေထောက်အရှင်တွေလေ ဥူးဇင်းရဲ့…။နောက်ပြီး ယက်မလဲမခံထားတော့ ဥူးဇင်းအအိပ်နည်းနည်းကြမ်းသွားလို့ ကုတင်ခြေထောက်ယိုင်ပြီး လဲကျတာဖြစ်မယ်ထင်တယ်…"
"အာ…မဟုတ်ဘူး…။တွန်းချခံရတာ…အဖွားကြီးတစ်ယောက်ပုံစံမျိုး ရိပ်ခနဲမြင်လိုက်ရတယ်…"
"အိပ်မှုန်စုံမွှားနဲ့ မြင်မိမြင်ရာမြင်တာဆိုရင်ရော…"
"ရော်……ဒီဥူးဇင်းလေးနဲ့တော့ ခက်တာပဲ…။ခေတ်လူငယ်တွေများ တစ္ဆေသရဲဆို လုံးဝကို အယုံအကြည်မရှိကြတာပါလား…"
ထိုဥူးဇင်းက စိတ်ပျက်စွာဖြင့် ခေါင်းကိုခါရမ်းရင်း ညည်းတွားလေသည်။
"မဟုတ်ပါဘူး ဘုရား…။တပည့်တော်က online ပေါ်မှာ တစ္ဆေသရဲဝတ္ထုတွေရေးနေတဲ့သူတစ်ယောက်ပါ။အယုံအကြည်ရှိပါတယ်…။ခုလိုမေးတာကလည်းသေချာသွားအောင်လို့မေးတာပါ…"
စာရေးသူက ထိုသို့ပြောတော့မှ ထိုဥူးဇင်းကြီးမျက်နှာက ပြုံးယောင်သန်းသွားသည်။
"သေချာတာပေါ့ဟ…ပထမတော့ ငါ့ခြေမကိုလာကုတ်တာ…"
"ဟင်…ခြေမလာကုတ်တယ် ဟုတ်လား? "
"ဟုတ်တယ်…ပထမတော့ စိတ်ထင်တာပဲနေမှာပါဆိုပြီး အမှုမဲ့အမှတ်မဲ့နေနေတာ…။သုံးလေးကြိမ်လောက်လာကုတ်တော့ ထထိုင်ကြည့်တယ် ဘယ်သူမှမရှိဘူး…အဲ့ဒါနဲ့ အော်ပစ်လိုက်တယ်…"
"တပည့်တော် ညကကြားတယ်…ယောင်နေတာမှတ်လို့"
"ဟုတ်တယ် …အဲ့ဒါ ဥူးဇင်းအော်လိုက်တာ…တနည်းပြောရရင်တော့ ကြိမ်းလိုက်တာပေါ့…"
ဥူးဇင်းကြီးက စကားကိုခဏရပ်ရင်း ဆေးပေါ့လိပ်တိုကို မီးညှိကာ တဖွာနှစ်ဖွာဖွာလိုက်သေးသည်။ပြီးမှ…
"ပထမတကြိမ်အော်တော့ ငြိမ်သွားတယ်…။ဒါပေမဲ့ ခဏပဲ ထပ်လာကုတ်လို့ ကျွတ်ချင်ရင်အမျှဝေပေးမယ်လို့ အော်လိုက်တော့ လုံးဝတိတ်သွားတော့တာပဲ…"
"ဥူးဇင်းက အမျှဝေပေးလိုက်လို့လား? "
"ဝေပေးလိုက်တာပေါ့…။ပြီးတော့ အခြေအနေသိချင်လို့ တချက်စောင့်ကြည့်တာ ထူးခြားမလာတော့ဘူး…။အဲ့ဒါနဲ့ ကျွတ်သွားပြီထင်ပြီး စိတ်ချလက်ချအိပ်လိုက်တာ ကုတင်ပေါ်ကနေပါ တွန်းချခံရတော့တာပါပဲကွာ…"
ဥူးဇင်းကြီးက ထိုသို့ပြောရင်း သူ့တင်ပါးကိုလည်း လက်ဖနောင့်ဖြင့် ဖိချေနေလေသည်။ကုတင်ပေါ်မှ ပြုတ်ကျတုန်းက တင်ပါးဆုံအောင့်သွားခြင်း ဖြစ်ပေလိမ့်မည်။
ပထမတော့ ရှေးဟောင်းကုတင်ကြီးအဖြစ်သာ စိတ်ဝင်စားခဲ့မိသော်လည်း ခုတော့ထိုကုတင်ကြီး၏ အကြောင်းကို ပို၍စိတ်ဝင်စားသွားမိသည်။
"ဒါနဲ့ ဥူးဇင်းညက အဲ့ကုတင်မှာပဲ ပြန်တက်အိပ်တာလား? "
"အမလေးလေး …ဥူးဇင်းလေးရယ်။ဘယ့်နှယ့် ပြောလိုက်တာတုန်း…။ကုတင်ပေါ်က တွန်းချခံရပြီးကတည်းက ဘုရားလေးဆူ ကြားထဲမှာပဲ ဖျာခင်းပြီး ကျိန်းလိုက်တော့တယ်…။လှည့်ကို မကြည့်ရဲတော့ဘူး…"
ဥူးဇင်းကြီးက မျက်စိပျက်မျက်နှာပျက်ဖြင့် ထိုသို့ပြန်ဖြေလေသည်။ထို့နောက် စာရေးသူလည်း ထိုသရဲခြောက်သည့် ရှေးဟောင်းကုတင်ကြီးအား တထဖျပ်ဖျပ်နှင့် ဓါတ်ပုံရိုက်ကူးနေလိုက်သည်။
ဤသို့ဖြင့် တနေ့တာပြုဖွယ်ရှိသည်များ ကို ပြုလုပ်ဆောင်ရွက်ကြပြီးနောက် ညပိုင်း တရားမှတ်ချိန်အပြီးတွင် ကျောင်းထိုင်ဆရာတော်အား အဆိုပါကုတင် ကိစ္စနှင့် စပ်လျဉ်း၍ စာရေးသူတို့ ရဟန်းတစ်စု မေးမြန်းကြည့်ကြလေသည်။
"အိမ်း…ဒီကုတင်ကြီးကတော့ ဘုန်းဘုန်းဒီကျောင်းမှာ ကျောင်းထိုင်မဖြစ်ခင်ကတည်းကရှိနေခဲ့တာကွဲ့…။ပထမကျောင်းထိုင်ပျံလွန်တော်မူပြီးမှ ဒီကျောင်းမှာ ဘုန်းဘုန်းက ကျောင်းထိုင်ရတာဖြစ်တဲ့အတွက် မူလကျောင်းထိုင်သာလျှင် အသိဆုံးဖြစ်ပေမကွဲ့…"
"တင်ပါ့ဘုရား…။ဒါဆိုရင် အခုလိုမျိုး အလားတူဖြစ်ရပ်မျိုး အရင်ကရော ဖြစ်ဖူးပါသလား ဘုရား…"
"ဘုန်းဘုန်း လက်ထက်မှာတော့ မကြားဖူးပါဘူး…။အဲ့ဒီကုတင်ကလည်း ဒီတိုင်းပဲ ခေါက်သိမ်းထားခဲ့တာ ကြာခဲ့ပြီကိုး…။အခုမှ ဥူးဇင်းတို့အတွက် ထုတ်ပေးတာပါ…။ဒါဟာ ပထမဆုံးပါပဲ…"
ကျောင်းထိုင်ဆရာတော်ကြီးထံမှလည်း ဤကုတင်နှင့်ပတ်သက်၍ အကြောင်းအရင်းတိတိကျကျမသိရသဖြင့် စာရေးသူအဖို့ အတော်လေး စိတ်ညစ်သွားရသည်။ကျောင်းထိုင်ဆရာတော်က ဆက်လက်၍ မိန့်လေသည်။
"တို့များ ဘုရားရှင်လက်ထက်တော်က သေခါနီးအချိန်မှာ သင်္ကန်းကို စွဲလန်းတဲ့စိတ်နဲ့ သေလွန်ပြီးနောက် အဲ့ဒီသင်္ကန်းမှာ ကြမ်းပိုးဖြစ်ရတဲ့ ရဟန်းတစ်ပါးအကြောင်းလဲ သက်သေသာဓကရှိခဲ့ဖူးတာပဲ မဟုတ်လား…"
"တင်ပါ့ဘုရား…"
"အင်း…အခုလည်း ကုတင်မှာ ကမ္ဗည်းရေးထိုးထားတဲ့ ကွယ်လွန်သူ ရဟန်းအမကျောင်းအမကြီးဟာ မသေခင်အချိန်လေးမှာ ဒီကုတင်ကို အကြောင်းပြုပြီး စွဲလန်းစိတ်ထားမိခဲ့လို့လဲ ဖြစ်နိုင်တာပဲကွဲ့…"
"မှန်ပါ့ဘုရား…။ဒါဆိုရင် ကုသိုလ်ကောင်းမှုတွေ များစွာပြုလုပ်ခဲ့တဲ့ ရဟန်းအမကျောင်းအမလဲ ဒီလိုဘုံဘဝ ရောက်နိုင်တာပဲလား ဘုရား? "
"ရဟန်းအမ ကျောင်းအမပင်ဖြစ်လင့်ကစား…သေခါနီးအယူအစွဲမှားတဲ့အခါ မကျွတ်မလွတ်သူအဖြစ်နဲ့ မကောင်းတဲ့ ဘုံဘဝကို ရောက်ကြရတယ် ရဟန်းတို့……"
"တင်ပါ့ဘုရား…တပည့်တော်တို့ မှတ်သားထားပါ့မယ်ဘုရား…"
* * * * * * * * *
ပဉ္စဝဂ္ဂီငါးဦး အဆောင်သို့ပြန်ရောက်သည်အထိ စာရေးသူ၏ စိတ်ထဲတွင် ထိုရဟန်းအမကြီး၏ အကြောင်းကို သိချင်စိတ်က ဖျောက်မရခဲ့။ ထိုကုတင်အား မည်သို့သော အကြောင်းများကြောင့် စွဲလန်းစိတ်ဖြစ်ပြီး ယနေ့အချိန်ထိ မကျွတ်မလွတ်ဖြစ်နေရသည်ကို အလွန်အမင်း သိချင်နေမိသည်။
ဖခင်ဖြစ်သူတို့ကျိန်းနေပြီဖြစ်သော်လည်း စာရေးသူမှာတော့ လှေကားခါးပန်းတွင် ထိုင်ကာ ထိုအကြောင်းကိုပု ထပ်ခါတလဲလဲ စဉ်းစားနေမိလေသည်။
"ဥူးဇင်းလေး မကျိန်းသေးဘူးလား? "
ရောက်ခါစနေ့က ကုတင်ထုတ်ပေးသော ဥူးဇင်းကြီးက အပြင်ဘက်မှနေ၍ လှမ်းမေးခြင်းဖြစ်သည်။
"တင်ပါ့…တပည့်တော် အိပ်မပျော်သေးလို့ပါ…"
"ဘာတွေများ အိပ်မပျော်ဖြစ်နေတာတုံးကွဲ့…ဟိုကုတင်ကိစ္စကြောင့်လား…"
"ဟင်…ဥူးဇင်းက ဘယ်လိုသိတာလဲဘုရား…"
"သိတာပေါ့ကွယ်…ကျောင်းထိုင်ကြီးဆီမှာ ဥူးဇင်းလေးတို့ သွားမေးတာကို ကြားလိုက်လို့လေ…"
ဥူးဇင်းကြီးက ထိုသို့ပြန်လည်ဖြေကြားရင်း ပြုံးပြသည်။နှုတ်ခမ်းထောင့်စွန်းတွင် ကွမ်းတံတွေးနှင့် ကွမ်းဖတ်အနည်းငယ်တို့က ကပ်ငြိနေသည်။ကွမ်းစားခြင်းကို အင်မတန်နှစ်သက်ပုံလည်းရလေသည်။
"တင်ပါ့ဘုရား…တပည့်တော် အဲ့အကြောင်းမသိရရင် ဒီည အိပ်လို့ပျော်မှာမဟုတ်ဘူးဘုရား…"
"အင်း……ဥူးဇင်းလေးက သိပ်သိချင်သပဆိုတော့လည်း ပြောပြရမှာပေါ့ကွယ်…။တကယ်တော့ ဒီကျောင်းထိုင်မရောက်ခင်တည်းက ဥူးဇင်းက ဒီကျောင်းမှာနေနေတာကြာပြီကွဲ့။ပထမကျောင်းထိုင် လက်ထက်ကတည်းကပေါ့…"
"ဟင်…ဒါဆို ဥူးဇင်းက ဒီကုတင်အကြောင်းသိမှာပေါ့နော်…"
"သိပ်သိတာပေါ့ကွာ…။မေးတဲ့သူမရှိလို့သာ မဖြေပဲနေနေခဲ့တာ…"
"ဟာ ဒါဆို တပည့်တော်ကို ပြောပြပါနော် ဥူးဇင်း…။တပည့်တော် ဖြစ်ရပ်မှန် ဝတ္ထုလေးရေးချင်လို့ပါ…"
"အင်း… ဒီကုတင်ကြီး ဒီကျောင်းကို ရောက်လာရပုံကတော့ ဒီလိုကွဲ့……"
* * * * * * * * *
"ယောက်ျားရေ …။ညကမိန်းမ အပေါ့ထသွားတုန်း အမေမဆုံးခင်က အိပ်ခဲ့တဲ့ကုတင်ကြီးကို အမှတ်တမဲ့ကြည့်မိလိုက်တယ်သိလား…"
"ဟုတ်လား…ဘာဖြစ်လို့လဲ "
"မျက်လုံးထဲမှာ အမေအိပ်နေသလိုမျိုးကြီး ရိပ်ခနဲမြင်လိုက်လို့ ကြည့်မိလိုက်တာ…"
"သြော်…အမေမဆုံးခင်ကလည်း ဒီကုတင်မှာ အမြဲတမ်းအိပ်ခဲ့တော့ ငါ့မိန်းမမျက်စိထဲ အမြင်မှားတာ ဖြစ်မှာပါကွယ်…"
"မဟုတ်ဘူး ယောက်ျားရဲ့…။မိန်းမကြက်သီးတွေလဲ ထသွားတယ်…။ဒီကုတင်ကြီးကို စိတ်ထဲသိပ်မသန့်သလိုပဲ…"
"တိတ်စမ်းမိန်းမ…။ငါ့အမေက ဘုရားတွေကျောင်းတွေ ဆောက်လှူခဲ့တဲ့ရဟန်းအမ ကျောင်းအမကွ…။ကောင်းရာမွန်ရာ ရောက်မှာ…။မဟုတ်တာတွေ လျှောက်မပြောစမ်းနဲ့…"
ခင်ပွန်းဖြစ်သူက စကားကို တည်ငြိမ်စွာပြောနေရာမှ ရုတ်တရက် ဒေါသသံပါလာလေသည်။မိခင်ဖြစ်သူအား မကျွတ်မလွတ်သလို ပြောဆိုနေသော ဇနီးသည်ကြောင့် ဒေါသထွက်သွားခြင်းဖြစ်ဟန်တူသည်။
ခင်ပွန်းဖြစ်သူ၏ မာန်မဲလိုက်မှုကြောင့် ဇနီးသည်မှာလည်းပါးစပ်လေးပိတ်၍ တိတ်သွားရသည်။
* * * * * * * * *
"ဝုန်း……"
အိမ်ရှေ့ဧည့်ခန်းတွင် သတင်းစာထိုင်ဖတ်နေရင်းမှ ခပ်လှမ်းလှမ်းတွင် ရှိသော ကုတင်လဲကျသွားသဖြင့် လှမ်းကြည့်မိလိုက်သည်။ကုတင်ပေါ်မှ ကြောင်တကောင် ဆင်းပြေးသွားသည်ကိုလည်း တွေ့လိုက်ရသည်။
"သောက်ကြောင်စုတ်…ကမြင်းကြောထစရာရှားလို့ ကုတင်ပေါ်မှ တက်ဆော့ရသလားဟ"
ပါးစပ်မှ ပွစိပွစိဆဲဆိုရေရွတ်ရင်း သတင်းစာဖတ်နေရာမှ ထကာ ကုတင်ဆီသို့ လျှောက်လာလိုက်သည်။
"ဟင်……"
ကုတင် အနီးသို့ရောက်သောအခါ ခြေရာလိုလို အကွက်ကြီးများကိုတွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ပြီးမှ…
"မိန်းမရေ…အိမ်သန့်ရှင်းရေး လုပ်ရင် ကြမ်းလေးဘာလေးလဲ တိုက်စမ်းပါအုံးကွာ…။ကြမ်းပေါ်မှာ ခြေရာတွေနဲ့ ညစ်ပတ်နေတာပဲ…"
ခင်ပွန်းဖြစ်သူ၏ အသံကြောင့် မီးဖိုချောင်ထဲတွင် ဟင်းချက်နေသော ဇနီးသည်က …
"မိန်းမ မနက်ကမှ ကြမ်းတွေအကုန်တိုက်ထားတာပါ ယောက်ျားရဲ့…။ဘာဖြစ်လို့လဲ? "
"လာကြည့်စမ်းပါအုံး…မင်းကြမ်းတိုက်ထားတယ်ဆိုတာ ဒါလား? "
ဇနီးဖြစ်သူက ချက်လက်စဟင်းကို ခေတ္တရပ်ထား၍ အပြင်ဘက်သို့ထွက်လာပြီး ကြည့်လေသည်။ကြမ်းပြင်ပေါ်မှ ခြေရာကွက်ကြီးများကို မြင်သောအခါ မျက်စိမျက်နှာပျက်သွားလေသည်။
"ဟင်…မနက်ကမှ မိန်းမတအိမ်လုံးကို ကြမ်းတိုက်ထားတာပါ…ဒါကဘယ်လိုဖြစ်…ဖြစ်……"
ဇနီးဖြစ်သူ၏ စကားတန့်သွားသောကြောင့် ခင်ပွန်းဖြစ်သူက မေးလေသည်။
"ဘာဖြစ်လဲ ဆက်ပြောလေ…"
"ဟို……ဒီ…ဒီခြေရာတွေက အမေ…အမေ့ခြေရာတွေနဲ့ တူသလိုပဲနော် …"
"ဘာကွ……"
"ဖြောင်းး……………"
ခင်ပွန်းသည်၏ လက်ဝါးချက်ကြောင့် ဇနီးဖြစ်သူမှာ အားခနဲအော်ပြီး ကြမ်းပေါ်သို့ ခွေလဲကျသွားလေတော့သည်။
"မင်းပါးစပ်က နောက်တစ်ခါ ငါ့အမေကို ဒီလိုပြောရဲပြောကြည့်…။မင်းကို ငါ့လက်နဲ့အသေသတ်မယ်…တောက်! "
* * * * * * * * *
"မိန်းမရေ…အမဲသားဟင်းတွေ ဘယ်သူ့ကိုပေးလိုက်သေးလဲ"
ထမင်းစားရန်အတွက် အုပ်ဆောင်းဖွင့်လိုက်သော ခင်ပွန်းဖြစ်သူက လှမ်းမေးခြင်းဖြစ်သည်။ဇနီးသည်က ထမင်းအိုးထဲမှထမင်းများကို ခူးခပ်နေရင်း…
"မပေးပါဘူး ယောက်ျားရဲ့…။ဘာဖြစ်လို့လဲ…"
"နေ့လည်ကမှ ငါတွေ့တာ အများကြီးကျန်ပါသေးတယ်…။ခု ဘယ်လိုဖြစ်တာလဲ? တတုံးနှစ်တုံးပဲ ကျန်တော့တယ်…"
ဇနီးသည်က အမဲသားဟင်းခွက်ထဲသို့ တချက်လှမ်းကြည့်သည်။
"ဟယ် ဟုတ်ပါရဲ့…။ကြောင်စားသွားပြီထင်တယ်…"
"တောက် ! သောက်သုံးမကျတဲ့ မိန်းမကွာ…ဟင်းလေးတခွက်တောင် ကောင်းကောင်းမထိန်းသိမ်းနိုင်ဘူး…။တော်ပြီကွာ…ထမင်းစားချင်စိတ်လဲ မရှိတော့ဘူး။တနေ့တနေ့ ငါ့ကို ဒေါသထွက်အောင်ပဲ လုပ်နေတယ်…"
ပြောပြောဆိုဆိုနှင့် ခင်ပွန်းဖြစ်သူက ထမင်းစားပွဲမှ အိမ်ရှေ့ခန်းဘက်သို့ထွက်သွားလေသည်။ထို့နောက် ကုတင်ပေါ်တွင် တောက်တခေါက်ခေါက်ဖြင့် သွားထိုင်နေသည်ကို ဇနီးဖြစ်သူတွေ့လိုက်ရသည်။
ခဏကြာတော့……
"အားးးး……… အမေ……အမေ………" ဟု အော်ကာ ထမင်းစားခန်းထဲသို့ ပြန်ပြေးဝင်လာလေသည်။
"ယောက်ျား…ဘာဖြစ်လို့လဲ…"
ဇနီးဖြစ်သူက ထိတ်လန့်စွာဖြင့်ပျာပျာသလဲ မေးလေသည်။ခင်ပွန်းဖြစ်သူမှာ ချက်ချင်းမဖြေနိုင်သေးပဲ အမောဆို့နေသော သူတစ်ယောက်ကဲ့သို့ အသက်ဝအောင် မနည်း ရှုရှိုက်နေရလေသည်။
"ဘာဖြစ်လာတာလဲလို့ ယောက်ျား…"
"ငါ……ငါအမေ့ကုတင်ပေါ်မှာသွားထိုင်နေတာ…ဘေး……ဘေးမှာ တစ်ယောက်ယောက်ရှိနေသလို ခံစားမိလို့ လှည့်ကြည့်လိုက်တော့……အမေ အမဲသားတွေပလုပ်ပလောင်းနဲ့ ငါ့ကို ကြည့်…ကြည့်နေတယ်……"
"ရှင်…………"
* * * * * * * * *
"အဲ့ဒီနောက်ပိုင်းက စပြီး အဲ့ဒီလင်မယားဟာ ဒီကုတင်ကြီးကို အိမ်မှာမထားရဲကြတော့ပဲ ကွယ်လွန်သူမိခင်ကြီးကို ရည်စူးပြီး ဒီကျောင်းမှာ လာလှူခဲ့တာပဲကွဲ့……"
"ဟာ…ဒါဆို တကယ်ပဲ အဲ့ဒီအဖွားကြီးက မကျွတ်သေးဘူးပေါ့နော်…"
"အင်း…အဲ့ဒီဒကာကြီးပြောပုံအရတော့ ဒီကုတင်ဟာ ကွယ်လွန်သူရဲ့ အမျိုးသားမဆုံးမီက ကိုယ်တိုင်စပ်ပေးခဲ့တဲ့ကုတင်လို့တော့ ပြောတာပဲကွဲ့…။ဒါ့ကြောင့်မို့ ဒီကုတင်ကြီးကို စွဲလန်းစိတ်နဲ့ ခုချိန်ထိ မကျွတ်မလွတ်နိုင် ဖြစ်နေသေးတာထင်ပါရဲ့ကွယ်…"
ဥူးဇင်းကြီးက စကားပြောရတာမောသွားဟန်တူသည်။ သင်းပိုင်ကြားတွင် ညှပ်ထားသော ကွမ်းထုတ်ထဲမှ ကွမ်းကို နှစ်ယာသုံးယာခန့်ဆွဲထုတ်၍ ပလုပ်ပလောင်းဖြင့် အားပါးတရ ဝါးလေတော့သည်။
" အမျှတွေ ဘာတွေရော မဝေဘူးလား ဥူးဇင်း…"
ဥူးဇင်းကြီးက ကွမ်းတံတွေးအနည်းငယ်ကို ပစ်ခနဲမြည်အောင် ထွေးထုတ်လိုက်သည်။ပြီးမှ…
"သာဓုခေါ်ခွင့်ရတဲ့ အမျိုးအစားထဲမှာ ပါပေမယ့် သာဓုမခေါ်ရင် မကျွတ်လွတ်ဘူးပေါ့ကွယ်"
"ဒါဆို သူက သာဓုမခေါ်ပဲ နေနေလို့ပေါ့နော်…"
"ဒါပေါ့ကွဲ့…။ကြမ်းပိုးတို့ လောက်တို့ ဖြစ်သွားရင်တော့ သာဓုခေါ်ခွင့်မရှိဘူး…။ဒီဒကာမကြီးကတော့ မကျွတ်မလွတ်သူအဖြစ်နဲ့ပဲရှိနေတာဆိုတော့ သာဓုခေါ်ခွင့်ရှိတယ်။ဒါပေမဲ့ သူကိုယ်တိုင်က လိုလိုလားလားနဲ့ သာဓုမခေါ်ခဲ့လို့ နေမှာပေါ့ကွယ်…။ဥူးဇင်းကြီးလဲ ဒီ ဒကာမကြီးကျွတ်လွတ်သွားပြီ အထင်နဲ့ ဒီကုတင်ကို ထုတ်ပေးခဲ့မိတာ…။သူက ခုထိမကျွတ်သေးပဲကိုး……"
ဥူးဇင်းကြီး၏ စကားအဆုံးတွင် စာရေးသူအတွက် ရေးစရာများရော တွေးစရာများပါကျန်ရစ်ခဲ့လေသည်။
"ကဲ …ညလည်းနက်နေပြီ။ဥူးဇင်းလေးလဲ ကျိန်းတော့။မနက်အာရုဏ်မထနိုင်ပဲနေမယ်…"
"တင်ပါ့ဘုရား…"
"အေးအေး…အိပ်ရာဝင်ချိန်တိုင်း မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်အပေါင်းကို မေတ္တာပို့ပေါ့ကွယ် ကြားလား? "
"တင်ပါ့ဘုရား…"
ထို့နောက် ဥူးဇင်းကြီးမှာ ခေါင်းတညိတ်ညိတ်ဖြင့် ပြုံး၍ နှုတ်ဆက်ကာ ထွက်ခွာသွားလေတော့သည်။စာရေးသူလည်း သိချင်နေသည်ကို သိခွင့်ရလိုက်ပြီဖြစ်သည့်အတွက် ဝမ်းမြောက်ဝမ်းသာစွာဖြင့်ပင် ဘုရားဝတ်ပြု မေတ္တာပို့ အမျှဝေပြီးနောက် ကျိန်းစက်ခဲ့ပါတော့သည်။
* * * * * * * *
စွဲလန်းခြင်းတဏှာအား ပယ်သတ်နိုင်ကြပါစေ…။









0 comments:
Post a Comment