ပုဗ္ဗာရုံ ကျောင်းအမကြီး ဝိသာခါ
သာသနာ ဘယ်လိုပြုခဲ့လဲ
🌹🌹🌹🌹🌹🌹🌹🌹🌹
ကျောင်းအမကြီးဝိသာခါကို မဂဓနိုင်ငံ, ဘဒ္ဒိယမြို့မှာ ဖွားမြင်ခဲ့တယ်။ မဂဓဆိုတာ ဘုရင်ဗိမ္ဗိသာရဲ့နိုင်ငံပါပဲ။
ဖခင်က ဓနဉ္စယသူဋ္ဌေး၊
မိခင်က သုမနဒေ၀ီ၊
အဖိုးက မေဏ္ဍက။ မေဏ္ဍကဆိုတာ နာမည်ကြီး သူဋ္ဌေးကြီး။
ဝိသာခါရဲ့ အဖိုးက မြတ်စွာဘုရားကို အလွန်ကြည်ညိုတယ်။ မြတ်စွာဘုရား ဘဒ္ဒိယမြို့ကို ကြွလာတဲ့အခါ ငယ်ရွယ်သေးပေမဲ့ ဝိသာခါကို မြတ်စွာဘုရားအား ကြိုခိုင်းတယ်။
ဝိသာခါဟာ မြတ်စွာဘုရားကို သွားကြိုတယ်။ မြတ်စွာဘုရားကလည်း တရားဟောတယ်။
တရားလဲ ဆုံးရော သောတာပန် ဖြစ်သွားတယ်။ ကျောင်းအမကြီး ဝိသာခါဟာ ပစ္စည်းကလဲ ချမ်းသာ၊ သဒ္ဓါကလည်း ထက်သန်သည့်အတွက် သာသနာတော်ကြီးကို ဆွမ်းသင်္ကန်း ကျောင်း ဆေးဆိုတဲ့ ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းခဲ့တယ်။
သာသနာတော်ကို ထောက်ပံ့လှူဒါန်းနေတဲ့ အမျိုးသမီးတွေ အများကြီး ရှိပါတယ်။အဲဒီအမျိုးသမီးထဲမှာ ကျောင်းဒကာမကြီး ဝိသာခါဟာ အသာဆုံးပဲ။ ဒါကြောင့် "ဧတဒဂ် - ထူးချွန်သည့် ဘွဲ့" ကို ရရှိခဲ့ပါတယ်။
အတိတ်ကဖြစ်ရပ်
🌷🌷🌷🌷🌷🌷
အတိတ်ကို ကြည့်လိုက်တော့ လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က လောကမှာ ပဒုမုတ္တရဘုရား ပွင့်ထွန်းတော်မူခဲ့တယ်။
ဝိသာခါလောင်းလျာ အမျိုးသမီးလေးဟာ သဒ္ဓါတရား အလွန်ကောင်းတယ်။ ဒီတော့ ဒါန သီလ ဘာဝနာကောင်းမှုဆိုပြီး ကုသိုလ်ကောင်းမှုတွေ အမျိုးမျိုး လုပ်တယ်။ အဲဒီနောက် ပဒုမုတ္တရဘုရားထံမှာ ဆုတောင်းခဲ့တယ်။
``တပည့်တော်သည် အခုလို ပြုလုပ်အားထုတ်ခဲ့ရသော ကုသိုလ်ကံစေတနာတို့ကြောင့် သာသနာပြုအလှူရှင် ဖြစ်ရပါလို၏´´လို့။ ဆုလည်းတောင်းသလို ကုသိုလ်ကောင်းမှုလည်း လုပ်တယ်။ဒါကြောင့် အခုဘဝမှာ ကျောင်းဒကာမကြီး ဖြစ်လာတာပါ။
အကြောင်းမဲ့ဖြစ်ရပ် မရှိ
-------------------
လောကကြီးမှာ အမှတ်တမဲ့ ဖြစ်လာတယ်ဆိုတာ
ဘာတစ်ခုမှ မရှိဘူး။ ဘာပဲဖြစ်ဖြစ် အကြောင်း အကျိုး စနစ်တကျ ပေါင်းစပ်ပြီး ဖြစ်လာတာပဲ။ ဒီတော့ အကျိုးကောင်းကောင်း လိုချင်တယ်ဆိုရင် အကြောင်းကောင်းအောင် ကြိုးစားရမယ်။
ဒီနေ့လုပ်နေတဲ့အလုပ်သည် နောက်ဘဝမှာ
ကိုယ်ရဲ့ပုံရိပ် ဖြစ်သွားတယ်။ အခုလုပ်နေတဲ့အလုပ်သည် ကောင်းတဲ့အလုပ်ဆိုရင် နောက်ဘဝမှာ ပုံရိပ်လှမယ်။ မကောင်းတဲ့အလုပ်ဆိုရင် နောက်ဘဝမှာ ပုံရိပ် မလှဘူး။
အကြောင်း အကျိုး
🌷🌷🌷🌷🌷🌷
ကျောင်းအမကြီး ၀ိသာခါရဲ့ ဘဝဟာ အလွန်ပြည့်စုံတဲ့ဘဝ။
၁။ စည်းစိမ်ဥစ္စာ ပေါများတယ်။ ဘာကြောင့်လဲ၊ အလှူဒါနလုပ်ခဲ့လို့ပါ။
၂။ ရောဂါကင်းပြီး အသက်တစ်ရာကျော်ရှည်တယ်။ ဘာကြောင့်လဲ၊ သီလမြဲလို့ပါ။
၃။ အခြံအရံနှင့် ပြည့်စုံတယ်။ ဘာကြောင့်လဲ၊ မနာလိုဝန်တို မရှိခဲ့လို့ပါ။
၎။ ရုပ်ရည်ကလည်း လှသလို အရွယ်လည်း တင်တယ်။အသက်ကြီးတဲ့အခါမှာလည်း ဆံပင်တစ်ပင်မှ မဖြူဘူးတဲ့။ သမီးတွေနဲ့ အတူတူသွားလဲ အမေနှင့်သမီး ခွဲလို့ မရဘူးတဲ့။ဘာကြောင့်လဲ၊ ဒေါသအာဃာတ နည်းခဲ့လို့ပါ။
၅။ ဘုရားနဲ့ တွေ့တွေ့ချင်း သောတာပန် ဖြစ်သွားတယ်။ ဘာကြောင့်လဲ၊ အတိတ်က ဝိပဿနာတရားကို အားထုတ်ခဲ့လို့ပါ။
၆။ ထူးချွန်တဲ့ ဧတဒဂ်ဘွဲ့ရခဲ့တယ်။ ဘာကြောင့်လဲ၊ ပါရမီဆယ်ပါး ဖြည့်ကျင့်ခဲ့လို့ပါ။
``၀ိသာခါ သာကေတရောက်ပြီ´
🍀🍀🍀🍀🍀🍀🍀🍀🍀
ဝိသာခါရဲ့ ဇာတိသည် မဂဓတိုင်း, ဘဒ္ဒိယမြို့။ ဝိသာခါရဲ့ ဖခင်ဖြစ်တဲ့ ဓနဉ္စယသူဋ္ဌေးကို ကောသလ မင်းကြီးက ဖိတ်တယ်။ သူ့နိုင်ငံ လာနေဖို့။ ဒါနဲ့ မဂဓတိုင်းကနေ ကောသလတိုင်း ရောက်လာတယ်။ သာဝတ္ထိမြို့နားမှာ နေရာပေးတော့ မြို့သစ်တည်တယ်။ အဲဒီမြို့ကို သာကေတလို့ ခေါ်ကြတယ်။ ဒါနဲ့ ၀ိသာခါဟာ မဂဓတိုင်း, ဘဒ္ဒိယမြို့ ကနေ ကောသလတိုင်း, သာကေတမြို့ကို ရောက်လာပါတယ်။
သာဝတ္ထိမြို့မှာ မိဂါရသူဋ္ဌေးဆိုတာ နာမည်ကြီးသူဋ္ဌေးတစ်ယောက်ပဲ။သူ့သား ပုဏ္ဏ၀ဍ္ဎန အရွယ်ရောက်တော့ သတိုးသမီး လိုက်ရှာတယ်။ လှပချောမောတဲ့ ၀ိသာခါနဲ့ တွေ့တော့ သဘောကျပြီး ဓနဉ္စယထံ ကမ်းလှမ်းလိုက်တယ်။ သူ့သားနဲ့ ပေးစားချင်ကြောင်း ဝိသာခါ ဖခင် ဓနဉ္စယကလည်း သေချာစုံစမ်းပြီး လက်ခံလိုက်တယ်။
အဲဒီနောက် မိဂါရသည် ကောသလမင်းနှင့်တကွ သာကေတမြို့မှာ သွားရောက်ပြီးတော့ သူ့သားနဲ့ ဝိသာခါကို တခန်းတနား ထိမ်းမြားပေး လိုက်တယ်။
သာကေတမှ သာဝတ္ထိသို့
🍁🍁🍁🍁🍁🍁🍁🍁
မင်္ဂလာဆောင်ပြီးတဲ့အခါ ဖခင် ဓနဉ္စယက ၀ိသာခါကို မိဂါရသူဋ္ဌေးထံ ထည့်လိုက်တယ်။ ပစ္စည်းဥစ္စာတွေကိုလည်း အများကြီး ပေးလိုက်တယ်။ အာမခံလူကြီး ၈-ယောက်လည်း ထည့်လိုက်တယ်။ ပြဿနာဖြစ်လျှင် ဖြေရှင်းဖို့ အတွက်။
ဝိသာခါကလည်း သူ့ယောက္ခမအိမ် ရောက်တဲ့အချိန်ကစပြီး မိဂါရသူဋ္ဌေးကို ဖခင်အရင်းလို ပြုစုလုပ်ကျွေးတယ်။ ယောကျာ်းဘက်က ဆွေတွေမျိုးတွေကိုလည်း ပေးစရာရှိရင် ပေးတယ်။ ကျွေးစရာရှိရင် ကျွေးတယ်။ ဒါကြောင့် ဆွေမျိုးတွေကလည်း ချစ်ကြတယ်။
အဟောင်းစားပုဂ္ဂိုလ်
🌷🌷🌷🌷🌷🌷🌷
အဲဒီလိုနေရင်းနဲ့ တစ်ရက်၊ ယောက္ခမကြီးနဲ့ ပြဿနာ ဖြစ်သွားတယ်။ မနက်စာအတွက် ၀ိသာခါက မိဂါရသူဋ္ဌေးကို ထမင်းခူးခပ်ပြီးတော့ ကျွေးတယ်။အဲဒီအချိန်မှာ ရဟန်းတပါး ရောက်လာတယ်။ အဲဒါကို ၀ိသာခါက မြင်တယ်။ ဒါပေမဲ့ သူဋ္ဌေးကြီးက မမြင်ချင်ဟန်ဆောင်နေ တယ်။ အဲဒါကို ဝိသာခါက ရိပ်မိသွားတယ်။
ဒီတော့ ၀ိသာခါက ရဟန်းတော်လေးကို လျှောက်လိုက်တယ်။ ``အရှင်ဘုရား ကန်တော့ဆွမ်းပါဘုရား၊ တပည့်တော် ဖခင်က အဟောင်းစား သူဋ္ဌေးကြီးပါဘုရား´´ဆိုပြီး။
အဲသလိုလဲ ပြောလိုက်ရော သူဋ္ဌေးကြီးက ``အဟောင်းစားတယ်ဆိုတာ မစင်ကို စားတဲ့သူ၊ ဒီလိုဆိုလိုတာပဲ´´လို့ စိတ်ဆိုးသွားတယ်။ ဒါကြောင့် ``ဝိသာခါ နင်ဟာ မိန်းမယုတ်၊ ငါ့အိမ်မနေနဲ့ အခုချက်ချင်း ထွက်´´ဆိုပြီး နှင်ထုတ်လိုက်တယ်။
ဒီတော့ ၀ိသာခါက ``ဖခင်ကြီး မထွက်နိုင်ဘူး၊ ကျွန်မကို အစေခံတစ်ယောက် ခေါ်သလို ခေါ်ခဲ့တာ မဟုတ်ဘူး၊ အာမခံလူကြီးတွေနဲ့ ရှင်းမယ်´´ ဆိုတော့ မိဂါရက အာမခံလူကြီး တွေကို ခေါ်လိုက်တယ်။
အာမခံလူကြီးတွေ ရောက်လာတဲ့အခါ အဲဒီအကြောင်းကို ပြောပြတယ်။
"လူကြီးမင်းတို့ ခင်ဗျားတို့ သမီးက ကျုပ်ကို အဟောင်းစားလို့ ပြောတယ်၊ ဒါ မစင်စားတယ်လို့ ပြောလိုက်တာပဲ။ ဒါကြောင့် ကျုပ် လုံးဝ မကျေနပ်ဘူး။ ပြန်ခေါ်သွားကြ" ဆိုပြီး သူဋ္ဌေးကြီးက ပြောတယ်။
ကံဟောင်းကို ရည်ရွယ်
🌷🌷🌷🌷🌷🌷🌷🌷
ဒီတော့ ၀ိသာခါက ရှင်းပြတယ်။
``လူကြီးမင်းတို့ ဖခင်ကြီး အခု စည်းစိမ်တွေ ခံစားတယ်ဆိုတာ ရှေးကုသိုလ်ကြောင့်ပါ၊ အခုဘဝမှာ ဘာကုသိုလ်မှ မလုပ်ပါ၊ ကံဟောင်းရဲ့ အကျိုးကိုပဲ ခံစားနေတာပါ။ ဒါကြောင့် အဟောင်းစား ပုဂ္ဂိုလ်လို့ ပြောရခြင်း ဖြစ်ပါတယ်´´ ဆိုပြီး ရှင်းပြလိုက်တယ်။
အာမခံလူကြီးတွေက ``သူဋ္ဌေးကြီးတဲ့၊ ဝိသာခါက ကံဟောင်းကို ရည်ရွယ်ပြီး အဟောင်းစားလို့ ပြောတာတဲ့။ မစင်ကို ရည်ရွယ်ပြီး ပြောတာ မဟုတ်ဘူး၊ ဒီတော့ သူ့မှာ ဘာအပြစ်ရှိလဲ´´ ဆိုပြီး ပြောလိုက်တယ်။
ဒီတော့ သူဋ္ဌေးကြီး မငြင်းသာတော့ဘူး။ ``ဒီလိုဆိုလဲ ပြီးရော၊ ကျုပ်က ဒီလို ဘယ်ထင်မလဲ၊ အဟောင်းဆိုတာ မစင်ပဲလို့ ဒီလိုတွေး ပြီး ဒေါသ ဖြစ်သွားတာပါ´´လို့ ၀န်ခံလိုက်ရတယ်။
အဲဒီလိုဝန်ခံပြီဆိုတော့မှ ၀ိသာခါက ``ပြန်မယ်´´ဆိုပြီး ပြောလိုက်တယ်။ အဲသလို ပြောတဲ့ အခါကျတော့မှ သူဋ္ဌေးကြီးဟာ သူမှားကြောင်း တောင်းပန်တယ်။
ဒီတော့ ၀ိသာခါဟာ ဘာ့ကြောင့် သူ့ယောက္ခမကို အဟောင်းစားလို့ ပြောလိုက်တာလဲ။ အမြင်မှန် ရစေချင်လို့။ မှန်ကန်တဲ့အမြင်ကို သမ္မာဒိဋ္ဌိလို့ ခေါ်တယ်။
ဘုရားမြတ်စွာကို ပင့်ပြီ
🌹🌹🌹🌹🌹🌹🌹🌹
အဲဒီအချိန်မှာ ၀ိသာခါက အရေးဆိုတယ်။ ``ဖခင်ကြီး ဒီအိမ်မှာ နေမယ်ဆိုရင် ဘုရားနှင့်တကွ ရဟန်းသံဃာများကို ပင့်မယ်၊ဆွမ်းကပ်မယ်၊ တရားနာမယ်၊ အဲဒါကို ခွင့်ပြုရမယ်´´ဆိုပြီး။ သူဋ္ဌေးကြီးကလည်း မတတ်သာတော့ အကုန်လုံး ခွင့်ပြုလိုက်ရတယ်။
ဝိသာခါဟာ ခွင့်ပြုချက်လည်း ရပြီဆိုတော့ သံဃာတွေကို အိမ်မှာပင့်ပြီး ဆွမ်းလည်း လောင်းတယ်။ တရားလဲ နာတယ်။
တစ်ရက် မြတ်ဘုရားကို ဝိသာခါ ပင့်လိုက်တယ်။ ဒီတော့ ဘုရားနှင့်တကွ သံဃာတွေ အိမ်ကို ကြွလာတယ်။ ၀ိသာခါက သူဋ္ဌေးကြီးကို ခေါ်တယ်။
ဆွမ်းကပ်ပြီးလို့ တရားနာခါနီးအချိန်မှာ ဖခင်ကြီး တရားလေးတော့ နာစေချင်ပါတယ်လို့ ခေါ်လိုက်တယ်။ ဒါနဲ့ အားနာပြီးတော့ လိုက်လာတယ်။
သူဋ္ဌေးကြီး သောတာပန်ဖြစ်
----------------------
မြတ်စွာဘုရားကလဲ သူဋ္ဌေးကြီးကို အာရုံပြုပြီး တရား ဟောတယ်။ နောက်ဆုံး သစ္စာလေးချက်ကို ရှင်းပြလိုက်တဲ့အခါ တရားလဲဆုံးရော သောတာပန် ဖြစ်သွားတယ်။
အဲဒီကျမှ မြတ်ဘုရားကို ``တပည့်တော် နာမည် မိဂါရလို့ ခေါ်ပါတယ်ဘုရား´´ဆိုပြီး မြတ်စွာဘုရား ရှိခိုး၊ ပြီးတော့ ၀ိသာခါဟာ သမီးဆိုပေမဲ့ မိခင်တစ်ယောက်ပါပဲလို့ လျှောက်တယ်။ ဓမ္မမိခင်ပေါ့။
သူဋ္ဌေးကြီး ဘာကြောင့် သောတာပန် ဖြစ်တာလဲ၊ ဘုရားနဲ့တွေ့ပြီး တရားနာခွင့် ရလို့ပါပဲ။ ဒါကြောင့် တရားရချင်တယ်ဆိုရင် ဆရာကောင်း ရှာရမယ်၊ တရားနာရမယ်။ တရားကျင့်ရမယ်။
ဒါကြောင့် ရှေးလူကြီးတွေက မှာခဲ့တယ်။ နားကောင်းတုန်း တရားနာ၊
ကျန်းမာရေးကောင်းတုန်း တရားကျင့်တဲ့။ ကျန်းမာရေး မကောင်းတော့ဘူးဆိုရင် သွားပြီ။ ဘာမှ လုပ်လို့ မရတော့ဘူး။ စိတ်ကလဲ ခက်တယ်။ ကျန်းမားရေး ကောင်းတုန်းက ကျန်းမာရေးရဲ့ တန်ဖိုးကို မသိဘူး။ ကျန်းမာရေးမကောင်းတော့မှ ကျန်းမာခြင်းရဲ့ တန်ဖိုးကို သိကြတယ်။
‘‘လက်ထဲရှိတုန်းက အခွင့်အရေးမှန်း မသိဘူး။ လက်လွှတ်သွားတော့မှ အခွင့်အရေးမှန်း သိတယ်’’။ ဒါကြောင့် ရတဲ့အချိန်လေးမှာ လုပ်သင့်လုပ်ထိုက်တာလေးတွေ လုပ်ဖို့ လိုအပ်တယ်။
အများအကျိုး
🍁🍁🍁🍁🍁
အဲဒီအချိန်ကစပြီး သူဋ္ဌေးကြီးဟာ ဝိသာခါကို မိခင်လို သဘောထားပြီး လေးလေးစားစား ဆက်ဆံတယ်တဲ့။ သူဋ္ဌေးကြီးက လေးစားသလို တဆွေလုံး တမျိုးလုံးက လေးစားကြတယ်။ ပြီးတော့ မိတ်ဆွေတွေကလည်း ဝိသာခါကို အလွန် အားကိုးကြတယ်။
ဘယ်လောက်ထိ အားကိုးကြလဲဆိုရင် တချို့ယောက်ျားတွေ သူတို့မိန်းမကို ပြောလို့မရဘူးဆိုရင် ၀ိသာခါထံ လာအပ်ကြတယ်။ ၀ိသာခါက လည်း မငြင်းဘူး၊ လက်ခံလိုက်တယ်။ တစ်ယောက်ပြီးတစ်ယောက် လာအပ်ကြတယ်။
အိမ်ရောက်လာတဲ့ အမျိုးသမီးတွေကို ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ် ဆိုပြီး ဆုံးမတယ်။ ပြီးတော့ ကျောင်းကန်ဘုရား ခေါ်သွားတယ်။ ကျောင်းရောက်ပြီဆိုရင် တရားနာခိုင်းတယ်။ အဲဒီလို အကျိုးဆောင်မှုကြောင့် "သောတာပန်" ဖြစ်သွားကြတဲ့ အမျိုးသမီးတွေ အများကြီးပဲ။
ပုဗ္ဗာရုံ ကျောင်းတော်ကြီး လှူပြီ
--------------
ဒကာမကြီး ဝိသာခါ တစ်ရက် ကျောင်းရောက်သွားတယ်။ မြတ်ဘုရားနှင့်တွေ့တော့ ``သာသနာအတွက် ကြီးကျယ်တဲ့ အလှူကြီးတစ်ခု လှူချင်ပါတယ်ဘုရား၊ ဘာလှူရမလဲ ဘုရား´´လို့ လျှောက်တော့ ကျောင်းလှူဖို့ မိန့်တယ်။
ဒါနဲ့ ကျောင်းမြေအတွက် ၉-ကုဋေ အကုန်ကျခံပြီး ဝယ်လိုက်တယ်။ ကျောင်းဆောက်တာကလည်း ၉-ကုဋေ ကုန်ကျတယ်။ အဲဒီနောက် ကျောင်းလွှတ် ပူဇော်ပွဲကိုလည်း ၉-ကုဋေ အကုန်အကျခံပြီး လှူတယ်။
အဲဒီနောက် ကျောင်းအမကြီး ဝိသာခါဟာ ကျောင်းလှူပြီးတော့ ၀မ်းသာလွန်းလို့ ဥဒါန်းကျူးတယ်။
ကဒါဟံ ပါသာဒံ ရမ္မံ၊ သုဓာမတ္တိကလေပနံ။
ဝိဟာရဒါနံ ဒဿာမိ၊
သင်္ကပ္ပေါ မယှ ပူရိတော။
"ငါသည် ဘယ်သောအခါမှာ ကျောင်းတော်ကြီးကို လှူရမလဲဆိုတဲ့ အကြံအစည်သည် အောင်မြင်သွားပြီ" လို့ ဥဒါန်းကျူးတယ် ( သီချင်းလို ရွတ်ဆိုတယ်)။
ကျောင်းအမကြီး ဝိသာခါဟာ အသက်တစ်ရာကျော် နေရတယ်။ အခြံအရံပေါများသလို ဓနဥစ္စာလည်း ပြည့်စုံတယ်။ သေတပန် သက်တဆုံး ကုသိုလ်ကောင်းမှုတွေ လုပ်ပြီး သာသနာပြုသွားတယ်။
____________
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
လေးစားစွာဖြင့်နေခြည်ဝင်း🌹









0 comments:
Post a Comment